ဘောလုံးကစားသမားကောင်းတစ်ဦး၏ အားကစားစိတ်ဓာတ်

15 Aug 2016 by Linn Maung Thant

အားကစားနည်း အမျိုးမျိုး ရှိသည့်အနက် ယနေ့ မြန်မာနိုင်ငံတွင် လူကြီးလူငယ်မရွေး အများစု အားပေးနေကြသော အားကစားနည်းမှာ ဘောလုံး အားကစားနည်း ဖြစ်ပါသည်။ ဟိုး အရင်နှစ်များဆီက မဖွံ့ဖြိုးသေးသော ကာလများတွင် ပြည်နယ်/တိုင်း ဘောလုံးပွဲများကို ကွင်းသို့ သွားမကြည့်နိုင်လျှင် ရေဒီယိုကိုသာ အားကိုး ရပါသည်။ ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အသင်းလိုက် ကစားကွက်များကို အသံလွှင့် ကြေညာသူ ပြောသမျှကိုသာ ကြားရသဖြင့် စိတ်ဖြင့်သာ မှန်းဆကြည့်ရသည်။ ကမ္ဘာ့ဖလားပွဲ လိုမျိုးဆိုလျှင် နှစ်အတော်ကြာမှ ရုပ်ရှင်ရုံတွင် ပြန်ကြည့်ရပါသည်။

ယခုဆိုလျှင် တိုးတက် ခေတ်မီလာသော နည်းပညာများကြောင့် ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ တိုက်ကြီးများအလိုက် ဖလားများအပြင် ဘောလုံးအင်အားကြီး နိုင်ငံများ ဖြစ်ကြသော အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ စသော နိုင်ငံများ၏ ပြည်တွင်း ကလပ်ပြိုင်ပွဲများကိုပါ အချိန်နှင့် တစ်ပြေးညီ ထိုင်ရာမထ ကြည့်ရှုနိုင်ကြပြီ ဖြစ်ပါသည်။ ထိုသို့ ကြည့်ခွင့်ရသော အခါမှ နည်းပြများ၏ နည်းပညာ အစွမ်းပြ ကစားကွက်များ၊ ဒိုင်လူကြီးများ၏ တရားသော/မတရားသော ဆုံးဖြတ်ချက်များ၊ ပွဲကြည့် ပရိသတ်တို့၏ မျှတသော/မမျှတသော အားပေးမှု စသည်တို့အပြင် ကစားသမား တစ်ဦးချင်း၏ ခြေစွမ်းများ၊ အားကစား စိတ်ဓာတ်ရှိမှု/မရှိမှု စသည်တို့သည်လည်း ကွင်းကွင်းကွက်ကွက် အထင်အရှား မြင်တွေ့ရပါသည်။ အချို့သော ဘောလုံးသမားများသည် မိမိအသင်း အနိုင်ရလိုမှု တစ်ခုတည်းကို ကြည့်၍ အားကစား စိတ်ဓာတ် ကင်းမဲ့စွာဖြင့် တစ်ဖက်ကစားသမားကို တမင်သက်သက် အနာတရ ဖြစ်စေခြင်း၊ မိမိအသင်းဘက်မှ မှားမှန်းသိလျက် ဒိုင်လူကြီးကို ငြင်းခုံ ခြင်း၊ စောဒက တက်ခြင်းများကိုလည်း တွေ့မြင်ရပါသည်။

သို့ရာတွင် အမှန်တကယ် ထူးချွန်သော၊ အကောင်းဆုံး ဘောလုံးသမားအဖြစ် ပရိသတ်ကရော၊ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များကပါ အသိအမှတ် ပြုထားသည့် ဘောလုံးသမားများမှာမူ ပြိုင်ပွဲတစ်ပွဲကို မတရားသောနည်း ညစ်ပတ်သော နည်းတို့ဖြင့် အနိုင်မယူလိုဘဲ တရားသောနည်း၊ မျှတသောနည်း၊ သန့်ရှင်းသော နည်းများဖြင့်သာ ယှဉ်ပြိုင် အနိုင်ယူကြသည်ကို တွေ့ရှိရပါသည်။ ဤသည်မှာလည်း လေးစားအပ်သော အားကစားသမား စိတ်ဓာတ်ဟူ၍ ကျွန်တော် အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။

ဘောလုံး အသင်းတစ်သင်း အောင်ပွဲရဖို့အတွက် အသင်းလိုက် ညီညွတ်မှုရှိဖို့ လိုအပ်သည် ဆိုခြင်းမှာ အားကစား ဝါသနာရှင် ပရိသတ်များ အားလုံးသိကြသည့်အချက် တစ်ခုပင် ဖြစ်ပါသည်။ သို့သော် ပရိသတ်များသည် ဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းသူကို ပိုမိုအားပေးသည်၊ ဂိုးသွင်းသူကို ပိုမိုအသိအမှတ် ပြုလေ့ ရှိကြပါသည်။ မီဒီယာများကလည်း ဂိုးသွင်းသူကို ပိုမို အလေးပေး ဖော်ပြလေ့ ရှိကြသည်။ ထို့ကြောင့် အသင်းတစ်သင်းတွင် ဂိုးသွင်း သူတို့သည် အခြားအသင်းသား များထက် ပိုမို နာမည်ကြီးကြသည်။ ထို့ကြောင့် နာမည်ကြီး လိုသူတို့သည် ဂိုးသွင်းနိုင်ရန် ကြိုးစားလာကြသည်၊ ဂိုးသွင်းခွင့် ရရန် ပိုမို ကြိုးစားလာကြသည်။ တစ်ကိုယ်ကောင်း ဆန်လာကြသည်။ မိမိက ဂိုးသွင်းခွင့် မသာသော်လည်း ဂိုးသွင်းရန် အခွင့်အရေး ပိုမိုရှိနေသည့် မိမိအသင်း ကစားဖော်ကို ဘောလုံးပေးပို့ခြင်း မပြုဘဲ မရမက ကန်သွင်းသည်။ သည်တော့ ဘောလုံးက ဂိုးပေါက်ထဲမဝင်၊ အပြင်ထွက်သည်၊ အပေါ်ထောင်သည်၊ ရလဒ်ကတော့ မိမိအသင်း အရှုံးသာလျှင် ဖြစ်သည်။

သို့ရာတွင် ကျွန်တော်အထက်တွင် ဖော်ပြခဲ့သည့် ထူးချွန်သော ကစားသမား၊ တစ်နည်း ပရိသတ်ချစ်သော ကစားသမားများမှာမူ ထိုသို့မဟုတ်။ မိမိတစ်ဦးတည်း၊ မိမိတစ်ကိုယ်တော် နာမည်ရဖို့ထက် မိမိအသင်း အနိုင်ရဖို့ကို ဦးစားပေးသည်။ အကယ်၍ မိမိက ဂိုးသွင်းခွင့် မသာလျှင် မိမိထက် အနေအထား ပိုကောင်းသော၊ ဂိုးသွင်းရန် အခွင့်အလမ်း ပိုမိုရှိသော မိမိအသင်းဖော်ထံသို့ ဘောလုံးကို ပေးပို့၍ ဂိုးသွင်းစေသည်။ ထိုအခါ ဂိုးဝင်သည်။ ရလဒ်ကား မိမိအသင်း အနိုင်ရသည်။ ဤသို့သော ဘောလုံးသမားမျိုးကို နည်းပြဆရာနှင့် အဆင့်အတန်းမြင့်သော ပရိသတ်က အသိအမှတ်ပြုသည်။ ချီးကျူးပါသည်။ ဤသည်ကိုပင် ကျွန်တော်က အားကစားသမား စိတ်ဓာတ် ဟု အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသည်။ တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်း မဆန်သော စိတ်ဓာတ် ဖြစ်ပါသည်။ မိမိနာမည်မရလျှင် နေပါစေ၊ မိမိအသင်း၊ မိမိအဖွဲ့အနိုင်ရလျှင် ကျေနပ်သူမျိုး ဖြစ်ပါသည်။

မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့်Private Union Leage ဘောလုံးပြိုင်ပွဲကြီးတွင်လည်း ကျွန်တော်တို့ Info Myanmar Collegeမှကစားသမားများသည် အရှုံးအနိုင်ပဓာနမထားပဲ မွန်မြတ်သော အားကစားစိတ်ဓာတ်များဖြင့် ကျောင်းဂုဏ်ကိုဆောင်ရင်း ပရိတ်သတ်ရင်ထဲစွဲထင်နေအောင် ကြိုးပမ်းကြပါဟူ၍………

ref: YGN News

Comments --

Loading...